ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ပွဲစဉ်တစ်ပွဲတွင် ၁၁ ဦးသာ ပွဲထွက်ကစားခွင့်ရနိုင်သဖြင့် လက်ရှိလူစာရင်းအရ အချင်းချင်းယှဉ်ပြိုင်မှုရှိစေရန် တွန်းအားဖြစ်စေနိုင်သလို စိတ်ပျက်စရာအခြေအနေများ ရှိလာနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင် သစ်တော့ဒ်ဘိုလီလက်ထက်တွင် နည်းပြအပါအဝင် အပြောင်းအလဲများစွာပြုလုပ်ထားပြီး နွေရာသီနှင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ၁၇ ဦး ကို ပေါင်သန်း ၅၅၀ ကျော် အသုံးပြု၍ ခေါ်ယူထားသည်။
လက်ရှိတွင် လိုင်ယွန်အသင်းထံ ပြန်လည်အငှားချထားသည့် ဂူစတိုနှင့် အလုပ်လုပ်ခွင့်ပါမစ် စောင့်ဆိုင်းနေရသည့် အန်ဒရေဆန်းတို့စ်မပါဝင်ပါက ချယ်လ်ဆီး အသင်း၏ ပထမအသင်း လူစာရင်းတွင် ကစားသမား ၃၁ ဦးအထိရှိနေသည်။ ပရီးမီးယားလိဂ်၌ ပွဲစဉ်တစ်ပွဲလျှင် ပွဲထွက်ကစားသမား ၁၁ ဦးနှင့် အရန်ကစားသမား ကိုးဦးသာ စာရင်းထည့်သွင်းခွင့်ပြုသောကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် ကစားသမား ပိုလျှံသည့်ပြဿနာ ရင်ဆိုင်ရဖွယ်ရှိနေခြင်း ဖြစ်သည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ ဂရေဟမ်ပေါ်တာက “အဆင်မပြေတဲ့ စကားဝိုင်းတချို့ ရှိလာနိုင်တယ်။ အဲဒါက ကျွန်တော်တို့ ရောက်နေတဲ့နေရာရဲ့ အဖြစ်မှန်ပါပဲ။ ၁၁ ဦး ပဲ ကစားခွင့်ရနိုင်ပြီး လူစာရင်းမှာလည်း သေချာတဲ့ အရေအတွက်ပဲ ပါဝင်ခွင့်ရမှာပါ။ အဲဒါကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရမယ့် အရေအတွက်တစ်ခုကလည်း အမြဲတမ်းရှိနေမှာပါ။ စိန်ခေါ်မှုဆိုတာ မှန်ကန်တဲ့စကားပါ။ အဲဒါနဲ့ပတ်သက်လို့ စောဒကတက်စရာမရှိပါဘူး။ ဒါက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အဲဒါက ကျွန်တော်နဲ့ ဝန်ထမ်းတွေ အတွက် စမ်းသပ်မှုဖြစ်ပေမဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ဆီမှာ တကယ်ကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဆိုင်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးရပါမယ်။ အားကောင်းတဲ့ ယှဉ်ပြိုင်မှုက အချင်းချင်း တွန်းအားဖြစ်စေမှာပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ကစားသမား ၁၁ ဦးပဲ ကစားခွင့်ရမှာဖြစ် လို့ စိတ်ပျက်စရာအချိန်တွေ ဖြစ်လာနိုင်တာကိုလည်း နားလည်ထားပါတယ်။ ခင်ဗျားက ငွေကြေးသုံးတဲ့အခါ ပြင်ပက ဆူညံသံတွေကလည်း ပိုပြီးကျယ်လာလိမ့်မယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့၊ ချိန်ညှိနိုင်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။